ဆင်ခေါင်းပဲရဲ့ လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ဆင်ခေါင်းပဲဆိုလို့ ထူးဆန်းသွားလား? တကယ်ကတော့ ကုလားပဲလုံးကို ပြောတာပါ။ အခြမ်းအဖြစ် မကြိတ်ခွဲခင်မှာ ပဲလုံးလေးရဲ့ ပုံက ဆင်ခေါင်းလေးနဲ့ တူတာကြောင့် ဆင်ခေါင်းပဲလို့ ခေါ်တာပါ။ ကုလားပဲလုံးသုပ်စားတဲ့အခါ သေချာ အတည်ပြုကြည့်ပေါ့နော်။ အခုကတော့ ပဲမျိုးရင်းဖြစ်တဲ့ ဆင်ခေါင်းပဲမှာ ပဲတွေမှာပါဝင်နေကျ အခြေခံ အာဟာရဓာတ် ဖြစ်တဲ့ ပရိုတင်းအပြင် ဘယ်လို ဓာတ်တွေ ပါဝင်နေသေးလဲဆိုတာကို ပြောပြပေးချင်တာပါ။
ဆင်ခေါင်းပဲ ဆိုရာဝယ်
ဆင်ခေါင်းပဲဆိုတာက အပေါ်ခွံ အညိုရောင်ဖျော့ဖျော့လေးအထဲက အဝါရောင်ပဲခြမ်းလေး ၂ ခြမ်း ပါဝင်ဖွဲ့စည်းထားတဲ့ ကုလားပဲလုံးပါ။ ကြော်စားလို့ရသလို သုပ်စားတာ နှပ်စားတာ နှစ်သက်သလို စားလို့ ရပါတယ်။ အခြား စားသုံးနည်းတွေ ရှိမယ်ဆိုရင်လည်း မျှဝေပေးခဲ့လို့ ရပါတယ်။
ဆင်ခေါင်းပဲမှာ ဒါတွေ ပါပါတယ်
ကယ်လ်လိုရီ၊ ကစီဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ့၊ ဇင့်၊ သီရာမင်း၊ ပိုတက်ဆီယမ်၊ ဆီလီနီယမ်၊ ဗီတာမင် ဘီစစ်တို့ ပါဝင်နေပါတယ်။
ဆင်ခေါင်းပဲနဲ့ ကျန်းမာရေး
စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဆင်ခေါင်းပဲမှာ
- အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူနံရံတွေကို အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိအောင် လုပ်ဆောင်ပေးနိုင်ပါ။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။
- ဝိတ်ကျစေတယ်
အာဟာရဓာတ်တွေ ကြွယ်ဝသလို အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ဆင်ခေါင်းပဲက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိချင်သူတွေ စားပေးလို့ ရပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
ဆင်ခေါင်းပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ပရိုတင်း ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
- အရိုးတွေ သန်မာစေတယ်
ဆင်ခေါင်းပဲမှာ ပရိုတင်း၊ သံဓာတ်၊ ဇင့်တို့ ပါဝင်နေတာက အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကို ကာကွယ်ပေးမှာပါ။
- သွေးချို ကျစေတယ်
ဆင်ခေါင်းပဲရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ သွေးချိုကျစေဖို့ စားပေးလို့ ရပါတယ်။
- သွေးတွင်းအဆီတွေကို ကျစေတယ်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ဆင်ခေါင်းပဲက သွေးထဲက မကောင်းတဲ့ အဆီတွေကို ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းအဆီ ကျဆင်းတာက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။
- နှလုံးကျန်းမာစေနိုင်တယ်
ကုလားပဲမှာ အမျှင်ဓာတ်နဲ့ အိုမီဂါ သရီး ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နှလုံး ကျန်းမာချင်တယ်ဆိုရင် ဆင်ခေါင်းပဲ စားပေးလို့ရပါတယ်။
မွန်မွန်